Covid-19 အကျိုးဆက်ကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများ ကုစားရေးအတွက် ချေးငွေလျှောက်ထားနိုင်ခြင်း

Covid-19 အကျိုးဆက်ကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများ ကုစားရေးအတွက် ချေးငွေလျှောက်ထားနိုင်ခြင်း

 

လေးစားအပ်ပါသောအသင်းဝင်များခင်ဗျား

 

COVID-19 ၏ အကျိုးသက်ရောက်မှုဖြင့် နိုင်ငံအတွင်း စီးပွားရေးထိခိုက်မှု အများဆုံးခံစားရ သည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ကုစားပေးရန်အတွက် ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်လှည့်ပတ် ရန်ပုံငွေ (Revolving Fund) မှ ကျပ် (၅၀) ဘီလီယံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် (၅၀) ဘီလီယံ၊ စုစုပေါင်း ကျပ် (၁၀၀) ဘီလီယံကို ကနဦးမတည်၍ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ကို ထူထောင်ကာ ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှနေပြည်တော်၌ ကျင်းပခဲ့သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ မတ်လ ၁၈ ရက်နေ့ တွင် ကြေညာချက်အမှတ် (၁/၂၀၂၀) ဖြင့် ထုတ် ပြန်ခဲ့ပါသည်။

 

သို့ပါသဖြင့် နိုင်ငံတော်အစိုးရမှ COVID-19 အရေးတွင် စီးပွားရေးအရ ထိခိုက်မှုများသည့် လုပ်ငန်းကဏ္ဍများအတွက် ချေးငွေများထုတ်ပေးခြင်း၊ အခွန်အခနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျော့ ပေးခြင်း များအား အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ပေးမှုအပေါ် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှလည်း  ပူးပေါင်းဆောင်ရွက်ပေးနေပါသည်။

 

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) နှင့် ညီနောင် အသင်းများသည် အသင်းချုပ်၌ တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခြင်းနှင့် ယနေ့ မတ်လ (၂၈) ရက်နေ့တွင် (Video Conferencing Meeting) များပြုလုပ်ကာ လတ်တလောဖြစ်ပေါ်နေသည့် COVID-19 အကျိုးဆက်ကြောင့် ထိခိုက်မှုရှိသော ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ချေးငွေရရှိနိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်တွင် ဧပြီလမှ စတင်၍ ချေးငွေလျှောက်လွှာများ စတင်လက်ခံပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းကဏ္ဍအလိုက် အမှန်တကယ် လိုအပ်ပြီး ရသင့်ရထိုက်သော လုပ်ငန်းများမှ ချေးငွေရရှိအောင် စနစ်တကျခွဲဝေပေးနိုင်ရေး၊ ချေးငွေ အတွက် စံသတ်မှတ်ချက် (Criteria) များကို သတ်မှတ်ပေးနိုင်ရေး၊ သတ်မှတ်ကာလအတွင်း ချေးငွေပြန် ပေးဆပ်နိုင်ရေး တို့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် ၊ ထိခိုက်မှုများသော လုပ်ငန်းကဏ္ဍများ ကို ချေးငွေထုတ်ပေးနိုင်ရန်အတွက် Criteriaများကို ဦးစွာသတ်မှတ်မည်ဖြစ်ပြီး ယခင်လို ထောက်ခံချက် နှင့် ထုတ်ပေးမည့်အစား Criteria နှင့် ကိုက်ညီသောလုပ်ငန်းများကိုသာ ထုတ်ချေးပေးသွားရန် ကနဦး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

 

ထို့အပြင် ဦးစားပေးချေးငွေထုတ်ပေးရမည့်လုပ်ငန်းသည် ဆက်လက်ရှင်သန်နိုင်သော လုပ်ငန်း ဖြစ်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် လုပ်ငန်းဖြစ်ရန် လိုအပ်ကြောင်းအပြင် CMP လုပ်ငန်းကဏ္ဍနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍကိုလတ်တလောတွင် ထိခိုက်နစ်နာမှုအများဆုံး ဖြစ်သော ကဏ္ဍနှစ်ရပ်အနေဖြင့် သတ်မှတ်ပြီး ၊ SME များထဲမှ လုပ်ငန်းများကို သေချာစီစစ်၍ နိုင်ငံတော် အစိုးရထံ ဆက်လက်တင်ပြသွားမည်ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ထားပါသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) အသင်းဝင်များ၏ COVID-19 ကြောင့်သက်ရောက်မှုရှိသောလုပ်ငန်းများရှိပါကလည်း COVID-19 Fund ချေးငွေ ချေးယူ လျှောက်ထားနိုင်ပါကြောင်းနှင့် ​ လိုအပ်သောအချက်အလက်များကိုပြည့်စုံစွာဖြည့်စွက် ၍ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိကုန်သည်စက်မှုအသင်းချုပ်(UMFCCI) တွင်လာရောက် လျှောက် ထားနိုင်ပြီဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

 

သက်ဆိုင်ရာ စာရွက်စာတမ်းများ Link နှင့် လျှောက်လွှာများ – https://bit.ly/2yeI0wB

ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
ကုန်သည်စက်မှုအသင်းချုပ်
၀၁ – ၂၃၀၂၄၈၅
၀၁ – ၂၃၀၁၅၆၂
covid-19@umfcci.com.mm
www.umfcci.com.mm