တတိယအကြိမ် မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို တပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျှက်ရှိ

တတိယအကြိမ်မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို တပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပလျှက်ရှိပါသည်။ အဆိုပါပြပွဲတွင် ကနဦးလုပ်ငန်းရှင် (Start-Up) များ၏ ပြခန်းများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ပြခန်းများ၊ မန္တလေးတိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်း(MRYEA)၊ ဧရာဝတီတိုင်းဒေသကြီးလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(ARYEA)၊ ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း(SSYEA)၊ မွန်ပြည်နယ်လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MSYEA) တို့၏ပြခန်းများနှင့် ညီနောင်အသင်းများ၏ ပြခန်းပေါင်း (၁၀ဝ)ကျော် ခင်းကျင်းပြသထားကာ ပထမနေ့၌ စိတ်ပါဝင်စားသူ ဦးရေ (၁၅၀ဝ) ခန့်လာရောက်လေ့လာကြပြီး ယနေ့ ဒုတိယမြောက်နေ့တွင် လူဦးရေ (၁၈၀ဝ) ခန့်လာရောက် လေ့လာကြသဖြင့် စိတ်ဝင်စားသူ ပိုမိုများပြား လာကြောင်းတွေ့ရှိရပါသည်။ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Dr.သန်းမြင့် တို့မှလည်း ယနေ့မနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့တွင် အသီးသီး ကြွရောက်ချီးမြှင့် အားပေးကြည့်ရှုခဲ့ ကြပါသည်။ မနက်(၁၀းဝ၀)နာရီတွင် “Getting Ready for Digital Era” ခေါင်းစဉ်ဖြင့် Panel Discussion ပြုလုပ်ခဲ့ပြီး နေ့လည်(၂းဝ၀) နာရီတွင် “How to Find Innovative Ideas” ခေါင်းစဉ်ဖြင့် Expert talks ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် လမ်းပြဆွေးနွေး ပညာပေးခြင်း (Mentoring) ၊ ကနဦးလုပ်ငန်းရှင်သစ်များနှင့် ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုရရှိစေမည့် (Pitching Program) နှင့် စီးပွားရေးပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၏ Short Course Training များတွင်လည်း စိတ်ပါဝင်စားကြည့်ရှုသူ များပြားကြောင်း တွေ့ရပါသည်။ မနက်ဖြန် သြဂုတ်လ ၅ရက် တနင်္ဂနွေနေ့ တွင် နောက်ဆုံးရက်အဖြစ် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ညနေပိုင်းတွင် Entrepreneurs Networking Party လဲပါဝင်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ လက်မလွတ်တမ်း ပါဝင်ဆင်နွှဲနိုင်ပါရန် ထပ်မံဖိတ်ခေါ် အပ်ပါသည်။