မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏ စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019, “Entrepreneurship 4.0” အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ စဉ်ဆက်မပြတ်ကြီးမှူး၍ကျင်းပလာခဲ့ပြီး ယခု စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019, “Entrepreneurship 4.0” အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ချီးမြှင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဦးသောင်းထွန်း နှင့် ဦးကျော်တင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဦးလှမိုးအောင်နှင့် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများ မှ သံအမတ်ကြီး များနှင့်သံတမန်များ၊ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် အသင်းသားများ၊ တိုင်းနှင့်ပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများနှင့် အသင်းသားများ၊ ပြည်တွင်း ပြည်ပ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် ဂေဟစနစ်တစ်ခု ပေါ်ပေါက်လာစေရန်၊ ပြည်တွင်းသာမက အာဆီယံ ဒေသများအပြင် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ကွန်ယက်နှင့် ချိတ်ဆက်ပြီး ပြည်တွင်းမှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် တာဝန်သိတက်သော စီးပွားရေးလုပ်ငန်းများပေါ်ပေါက်လာစေရန်၊ အလုံးစုံပါဝင်နိုင်သော စီးပွားရေးလုပ်ငန်း များ (Inclusive Business)များနှင့် ပြည်သူ့အကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေ ရန်အတွက်ရည်ရွယ်၍ Myanmar Entrepreneurship Summit 2019 အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။