စက်တင်ဘာလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူ များအတွက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေများ သွားရာက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ရေဘေးသင့်ခံရသည့် မြို့နယ်/ကျေးရွာများ၏ အခြေအနေနှင့် လက်ရှိ အစိုးရအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ၏ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေကျပ်(၄၈)သိန်း၊ Supreme Group မှ အလှူငွေကျပ် (၁၅)သိန်း၊ အောင်နိုင်သစ္စာကုမ္ပဏီဦးအောင်ဇော်ဦးမှ အလှူငွေကျပ်(၁၀)သိန်း၊ စုစုပေါင်း အလှူငွေကျပ်(၇၃)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယင်းနောက်MYEA ဒုဥက္ကဌဦးဇော်နိူင်သိန်းမှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)၏ လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ MYEA ဒုဥက္ကဌ ဦးဇော်နိူင်သိန်း၊အထွေထွေအတွင်းရေးမှုး၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ်MSYEA နှင့်ဧရာဝတီတိုင်းARYEA မှဥက္ကဌများ၊ အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။
ထို့နောက် MYEA အဖွဲ့သည် ရေတာရှည်မြို့နယ်နှင့် ဆွာမြို့တို့ရှိ ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။